Tuesday, May 12, 2015

LG G Flex2




 အားသာချက်
ဖုန်းရဲ့ အရွယ်အစားပိုင်းဟာ ပထမထွက်ခဲ့တဲ့ G Flex ထက်အနည်းငယ် သေးသွားတဲ့အတွက် လက်ထဲမှာ ကိုင်တွယ် အသုံးပြုဖို့ ကောင်းမွန်တဲ့ အရွယ်အစားမျိုး ရှိနေပါတယ်။ Self-healing coating စနစ် ပါဝင်တဲ့အတွက် ဖုန်းကို အလွယ်တကူ ပွန်းရှခြင်း တွေကနေ သက်သာစေ ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေ ကောင်းမွန်တဲ့အပြင် ကင်မရာပိုင်းနဲ့ Music အသံစနစ် ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။ LG ရဲ့ ဝန်ဆောင်မှု App တွေကိုလည်း ကောင်းကောင်း အသုံးပြု နိုင်တဲ့အပြင် ဖုန်းမှာပါဝင်တဲ့ ဘက်ထရီ စနစ်ဟာလည်း ကောင်းမွန်ပါတယ်။
အားနည်းချက်
ဖုန်းရဲ့ OS ဗားရှင်းဟာ 5.0 ဖြစ်သွားတဲ့အတွက် ဖုန်းမှာပါဝင်တဲ့ မြန်မာစာ စနစ်ဟာ ယူနီကုတ်စနစ် ဖြစ်ပါတယ်။ ဒါကြောင့်ဖုန်းမှာ ပါဝင်တဲ့ မြန်မာစာကို ပြောင်းလဲအသုံးပြု မယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးမှာ ရှိနေတဲ့ စနစ်တွေကို မြန်မာလို မြင်တွေ့နိုင်မှာ ဖြစ်ပေမယ့် ဇော်ဂျီမြန်မာစာစနစ် မပါဝင်တဲ့အတွက် ဇော်ဂျီဖောင့် စနစ်အသုံးပြုနေတဲ့ Facebook နဲ့ ဖုန်း Message လို စနစ်မျိုးတွေကို အသုံးပြုဖို့ အတွက်ဆိုရင်တော့ ဇော်ဂျီဖောင့်ကို ပြန်လည်ထည့်သွင်း အသုံးပြုရ ပါလိမ့်မယ်။
ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ G Flex2 ဟာ ပထမရှေ့က ထွက်ခဲ့တဲ့ G Flex လိုပဲ ကွေးညွှတ်ထားတဲ့ ပုံစံဒီဇိုင်းမျိုး တည်ဆောက်ထားတဲ့ ဖုန်းပါပဲ။ ဒါပေမဲ့ အရွယ်အစား ပိုင်းမှာတော့ G Flex ထက် အနည်းငယ် သေးငယ်သွားတဲ့အတွက် လက်ထဲမှာ ကိုင်တွယ် အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင်ကျ ဖြစ်စေပါတယ်။ G Flex မှာတုန်းက ဖုန်းကိုအနား ထောင့်လေးဖက် အဝိုက်ပုံစံမျိုးနဲ့ ပြုလုပ်ခဲ့ပေမယ့် G Flex2 မှာတော့ အနားထောင့် လေးဖက်ဟာ ထောင့်ဆန်ဆန် ပုံစံမျိုှးရှိနေပါတယ်။ နောက်ဘက် ကာဗာဟာ ပလတ်စတစ် ကာဗာဖြစ်ပေမယ့် ပွန်းရှခြင်းတွေကို အလွယ်တကူ ပြန်လည်ပျောက်ကင်း သွားစေဖို့အတွက် Self-healing ဆိုတဲ့ Coating စနစ်ကို အသုံးပြု ထားပါတယ်။ ကိုယ်ထည်ရဲ့ ဘေးဘောင် အနားကွပ်တွေမှာတော့ သတ္တုအနားကွပ် ပုံစံမျိုးပြုလုပ် ထားတာပါ။  ပါဝါခလုတ်၊ အသံအတိုးအကျယ် Volume Key တို့ဟာ နောက်ဘက် ကာဗာပေါ်မှာ ဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၄.၉၁ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၅၃ စင် တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၉၄ စင်တီမီတာဖြစ်ပြီး အလေးချိန်က ၁၅၂ ဂရမ်ဖြစ်ပေမယ့် ကိုင်တွယ် အသုံးပြုချိန်မှာ အလေးချိန်က သိပ်မများဘဲ ပေါ့ပါးတယ်လို့ ခံစားရပါတယ်။
ကွန်ရက်
GSM ကွန်ရက် စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Micro Sim တစ်ကတ်သာ ထည့်သွင်း အသုံးပြုနိုင်မယ့် Single Sim ဖုန်းအမျိုးအစားပါ။
မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး ကွေးညွှတ်ထားတဲ့ Curved P-OLED Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1080 x 1920 pixels (403 ppi pixel density) ရှိပါတယ်။
နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းမှာ ပထမဆုံး မြင်တွေ့ရမှာကတော့ ကွေးညွှတ်ထားတဲ့ Screen ဖြစ်တဲ့ Plastic OLED လို့ခေါ်တဲ့ P-OLED Screen နည်းပညာ ဖြစ်ပါတယ်။ နောက်ထပ် တစ်ခုကတော့ ပွန်းရှခြင်းတွေကို သက်သာစေပြီး ပြန်လည် ပျောက်ကင်း စေနိုင်တဲ့ Self-healing ဆိုတဲ့ နည်းပညာကိုလည်း မြင်တွေ့ နိုင်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာတော့ ဖုန်းရဲ့ အောက်ဘက်မှာ ရှိနေတဲ့ Android Key စနစ်တွေ နေရာမှာ Screenshot အလွယ်တကူ ပြုလုပ်နိုင်ဖို့အတွက် Screenshot Key တစ်ခု အပိုထပ်မံ ပါဝင်လာတာ တွေ့ရပါတယ်။ Android Key စနစ်တွေကိုလည်း ဘယ်ညာ လိုအပ်သလို Layout ပြုလုပ်ပြောင်းလဲ အသုံးပြုနိုင်တဲ့အပြင် နောက်ထပ် အသုံးပြုချင်တဲ့ Key စနစ်တွေကိုလည်း ထပ်ပေါင်းဖြည့်စွက် အသုံးပြု နိုင်ပါတယ်။ LG ဖုန်းတွေမှာ ပါဝင်နေကျ Knock Code လို့ခေါ်တဲ့ Screen ဖွင့်ပိတ် Sensor စနစ်နဲ့ ဖုန်းလုံခြုံရေး စနစ်ကိုလည်း ဒီဖုန်းမှာ တွေ့မြင်နိုင်ပါတယ်။ တီဗွီ၊ အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ပရိုဂျက်တာ အစရှိတဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေကို အဝေးကနေ ထိန်းကျောင်းနိုင်တဲ့ Remote Control တစ်ခုအဖြစ် အသုံးပြုနိုင်မယ့် စနစ်ကိုလည်း ထိတွေ့နိုင်ပါတယ်။ ကျန်းမာရေး ထောက်ကူပြု စနစ်တွေဖြစ်တဲ့ LG Health ဆိုတဲ့ ဝန်ဆောင်မှု တွေကိုလည်း ဒီဖုန်းမှာ အသုံးပြုနိုင်တဲ့အပြင် LG ဖုန်းကာဗာတွေနဲ့ တွဲဖက် အသုံးပြုနိုင်မယ့် QuickCircle Case စနစ်နဲ့ Dual Windows စနစ်တွေကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ကင်မရာ ပိုင်းမှာလည်း ကောင်းမွန်တိကျတဲ့ လေဆာ Focus နည်းပညာနဲ့ အလင်းအား နည်းချိန်တွေမှာ ရှေ့ကင်မရာကို အသုံးပြုတဲ့အခါ Screen ရဲ့အလင်းအားကို အမြှင့်တင်ပေးနိုင်မယ့် နည်းပညာတွေ ပါဝင်ပါတယ်။
အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex-A57 CPU ကို အသုံးပြု ထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေပြီး ဂရပ်ဖစ် စနစ်အတွက်လည်း Adreno 430 GPU ကိုအသုံးပြု ထားပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 16GB, RAM 2GB နဲ့ တစ်မျိုးရှိပြီး Internal Memory 32GB နဲ့ 3GB RAM ဆိုပြီး နှစ်မျိုးရှိပါတယ်။ နောက်ထပ် မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD ကို 128GB ထိထပ်မံ ထည့်သွင်း အသုံးပြု နိုင်ပါလိမ့်မယ်။ OS ကတော့ Android OS Version 5.0.1 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 13 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 2.1 Mega Pixel ရှိပါတယ်။ Bluetooth v4.1, A2DP, LE, apt-X စနစ်နဲ့ microUSB v2.0 (SlimPort), USB Host စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့  Li-Po 3000 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာကိုင်တွယ် အသုံးပြုချိန်မှာ လက်ထဲမှာ အံဝင်ခွင်ကျ ရှိနေပြီး အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ ဖုန်းမှာပါဝင်တဲ့ Knock Code စနစ်ကြောင့် ဖုန်းရဲ့ Screen ဖွင့်ပိတ်ကို အလွယ်တကူ ပြုလုပ်နိုင်ပြီး ကင်မရာစနစ်ပိုင်းနဲ့ ဖုန်းရဲ့အသံစနစ် ပိုင်းတွေမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ မြန်မာစာ စနစ်ဟာ ယူနီကုတ် စနစ်ဖြစ်နေတဲ့ အတွက်တော့ ဇော်ဂျီအသုံးပြု မယ်ဆိုရင် ဇော်ဂျီဖောင့်ကို ပြန်လည်ထည့်သွင်း ရပါလိမ့်မယ်။ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Android Key စနစ်တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြု နိုင်တဲ့အတွက် ဘယ်သန် ညာသန်မရွေး ကိုယ်ကြိုက်နှစ်သက်သလို ခလုတ်တွေကို နေရာရွှေ့ပြောင်း အသုံးပြုနိုင်ပါတယ်။
Device Support ; LG
Price ; USD 699

 Internet Journal
ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)










No comments:

Post a Comment