Friday, May 15, 2015

Samsung Galaxy S6


l

Device Support ; Samsung
Price ; 749,000 ks (32GB)

အားသာချက်
ဖုန်းရဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ Finger Print စနစ် ပါဝင်တဲ့အပြင် Finger Print စနစ်မှာလည်း အွန်လိုင်း ငွေပေးချေခြင်း စနစ်ကို အသုံးပြု နိုင်ပါတယ်။ အရည်အသွေး ကောင်းမွန်တဲ့ Screen ကြောင့် ကြည်လင် တောက်ပတဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားကြည့်ရှု နိုင်တဲ့အပြင် ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ် တွေဟာလည်း မြင့်မား ကောင်းမွန်တာ တွေ့ရပါတယ်။ ကင်မရာ ပိုင်းမှာလည်း အရည်အသွေး မြင့်မားတဲ့ ကင်မရာ စနစ်တွေကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် ကင်မရာ အသုံးပြု Function ပိုင်းမှာလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းပေး ထားတာ တွေ့ရပါတယ်။ မြန်မာစာဖောင့် စနစ်မှာလည်း ဇော်ဂျီ မြန်မာစာဖောင့် စနစ်အပြင် ယူနီကုဒ် မြန်မာစာ စနစ်ကိုပါ တွဲဖက်အသုံးပြု နိုင်ပါတယ်။
အားနည်းချက်
ဖုန်းမှာ ပါဝင်တဲ့ မှတ်ဉာဏ် ပမာဏဟာ မြင့်မား ကောင်းမွန်ပေမယ့် Memory Card ထပ်မံထည့်သွင်း အသုံးပြုနိုင်ခြင်း မရှိတာကြောင့် အချက်အလက်တွေကို ဖုန်းမှတ်ဥာဏ်နဲ့ SD Card ခွဲခြားသိမ်းဆည်း လို့တော့ မရနိုင်ပါဘူး။ ကျောဘက် ကင်မရာဟာ ကိုယ်ထည် ပေါ်ကနေ အနောက်ဘက်ကို ဖောင်းထွက် နေတဲ့အတွက် ဖုန်းကို ကျောဘက်နဲ့ ချထားတဲ့အချိန်မှာ ကင်မရာပွန်းရှ နိုင်ခြင်းတွေကို ဂရုစိုက်ရပါလိမ့်မယ်။
ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ S6 ဟာ လှပသေသပ်ပြီး ဆွဲဆောင်မှု ရှိတဲ့ဖုန်း အမျိုးအစား တစ်ခုဖြစ်ပါတယ်။ တောက်ပြောင်တဲ့ အရောင်အသွေးနဲ့ သေသပ်ကျစ်လျစ်တဲ့ ဖွဲ့စည်း တည်ဆောက်မှု ပုံစံတွေ ရှိနေတဲ့အပြင် လက်ထဲမှာ  ကိုင်တွယ် အသုံးပြုချိန်မှာလည်း အရွယ်အစားဟာ လက်နဲ့ အံဝင်ခွင်ကျ ရှိပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်တွေဟာ သတ္တုကိုယ်ထည်နဲ့ တည်ဆောက် ထားတာဖြစ်ပြီး နောက်ဘက် ကာဗာကတော့ ပလတ်စတစ် ကာဗာပုံစံမျိုးပါ။ နောက်ဘက် ကာဗာကတော့ ဖြုတ်လို့တပ်လို့ မရတဲ့ကာဗာ အသေဖြစ်ပြီး နောက်ကာဗာပေါ်မှာ Corning Gorilla Glass4 နဲ့ဖုံးအုပ် ထားတဲ့အတွက် ကျောဘက် ကာဗာဟာ အလွယ်တကူ ပွန်းရှခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး ပြောင်လက် တောက်ပ နေတာကို မြင်တွေ့ရမှာပါ။ ထောင့်အနား လေးဘက် အနည်းငယ်ဝိုင်းတဲ့ ပုံစံမျိုးရှိနေပြီး အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၃၄ စင်တီမီတာနဲ့ ဘေးတိုက်အကျယ် ၇.၀၅ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၆၈ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးတယ်လို့ ဆိုရမယ့် ဖုန်းအမျိုးအစား ဖြစ်တဲ့အပြင် အလေးချိန်ကလည်း ၁၃၈ ဂရမ် ဖြစ်ပြီး ကိုင်တွယ်ရတာ ပေါ့ပါးပါတယ်။
ကွန်ရက်
GSM ကွန်ရက် စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြု နိုင်ပါတယ်။ Nano Sim နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။
မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၁ လက်မရှိပြီး Super AMOLED Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1440 x 2560 Pixel (~577 ppi pixel density) ရှိပါတယ်။
နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဖုန်းမှာ အသုံးပြုထားတဲ့ OS ဟာ 5.0 ဖြစ်တဲ့အတွက် မြန်မာစာ စနစ်မှာ Unicode ကိုပဲ ထောက်ပံ့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ Samsung က ပြည်တွင်းက အသုံးပြုသူတွေ အဆင်ပြေစေ နိုင်ဖို့အတွက် ဇော်ဂျီမြန်မာ စာစနစ်ကိုလည်း ထည့်သွင်းပေးထားပြီး Unicode နဲ့ဇော်ဂျီကို စိတ်ကြိုက် လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ Finger Print စနစ်မှာလည်း  ကိုယ့်ရဲ့ဖုန်း လုံခြုံရေး စနစ်အပြင် အခြားအွန်လိုင်း ငွေပေးချေမှု စနစ်တွေရဲ့ လုံခြုံရေး အတွက်လည်း ထောက်ကူ ပေးနိုင်ပါတယ်။ ကင်မရာ ပိုင်းမှာလည်း ရှေ့ကင်မရာစနစ်မှာ Wide စနစ်နဲ့ လူအများကြီး ဓာတ်ပုံ ရိုက်နိုင်တဲ့အပြင် ဓာတ်ပုံကို ဗီဒီယိုပုံစံမျိုး တစ်ပတ်လှည့်ပြီး ရိုက်နိုင်မယ့် Virtual Shot, လှုပ်ရှားမှုတွေကို ရိုက်နိုင်မယ့် Fast Motion, Focus တွေကို စိတ်ကြိုက်ပြုလုပ် ရွေးချယ်နိုင်မယ့် Selective Focus, ဓာတ်ပုံ ကင်မရာ တွေမှာလိုမျိုး ISO, Aperture, White Balance အစရှိတဲ့ စနစ်တွေကို ကိုယ်တိုင် ချိန်ညှိပြီး ရိုက်နိုင်မယ့် Pro အစရှိတဲ့ စနစ်တွေဟာ S6 ကို အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ ဖြစ်ပါတယ်။
Finger Print စနစ်မှာလည်း လက်ချောင်း လေးချောင်းထိ မှတ်သားနိုင်မှာဖြစ်ပြီး ဖုန်းရဲ့ Setting  ကို အသုံးပြုတဲ့ နေရာမှာလည်း ကိုယ်အသုံးပြုချင်တဲ့ Layout ပုံစံတွေကို ပြင်ဆင်ပြီး အသုံးပြုနိုင်တာ တွေ့ရမှာပါ။ ဖုန်းတွင်း အသုံးပြု App ပိုင်းမှာလည်း Samsung ရဲ့ဝန်ဆောင်မှု App တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Power Saving စနစ်မှာလည်း ကောင်းမွန်တဲ့ ပါဝါနည်းပညာတွေ ပါဝင်နေသလို အွန်လိုင်း အသုံးပြုခြင်း အတွက်လည်း WiFi နှုန်းတွေကို မြှင့်တင်ပေးနိုင်မယ့် နည်းပညာတွေ ပါဝင်ပါတယ်။
အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.5 GHz Cortex-A53 & Quad-core 2.1 GHz Cortex-A57 CPU ကို အသုံးပြု ထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေပြီး ဂရပ်ဖစ် စနစ်အတွက်လည်း Mali-T760MP8 GPU ကို အသုံးပြု ထားပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 32/ 64/ 128 GB သုံးမျိုးရှိပြီး RAM ကတော့ 3GB RAM ပါ။ နောက်ထပ် မှတ်ဉာဏ်ထပ်တိုး အသုံးပြု ဖို့အတွက်တော့ Micro SD အသုံးမပြု နိုင်ပါဘူး။ OS ကတော့ Android OS Version 5.0.2 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 16 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth v4.1, A2DP, LE, apt-X စနစ်နဲ့ microUSB v2.0, USB Host စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့  Li-Ion 2550 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ S6 ဟာဖုန်းရဲ့ လုံခြုံရေး စနစ်ပိုင်းနဲ့ ဖုန်းတွင်းအသုံးပြု စနစ်ပိုင်းတွေမှာ ပြည့်စုံကောင်းမွန်ပါတယ်။ Screen ကောင်းမွန်ပြီး ကင်မရာပိုင်းမှာလည်း အဆင့်မြင့် ကောင်းမွန်တာ တွေ့ရပါတယ်။ ကိုင်တွယ် အသုံးပြုချိန်မှာလည်း လက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်စေတဲ့အပြင် ဖုန်းရဲ့ပုံစံ ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိတဲ့ စံဒီဇိုင်းမျိုးပါ။ ဖုန်းမှတ်ဉာဏ်အတွက် ကတ်ထပ်စိုက်ပြီး အသုံးပြုလို့ မရပေမယ့် ဖုန်းမှာ ပါဝင်တဲ့ မှတ်ဉာဏ် ပမာဏဟာ လုံလောက်တဲ့ ပမာဏမျိုး ရှိပါတယ်။ ကင်မရာဟာ ကိုယ်ထည်ကနေ ဖောင်းပြီးထွက်နေတဲ့ အတွက်တော့ ဖုန်းကိုချထားမယ့် အချိန်တွေမှာ ကင်မရာ မထိခိုက်အောင် ဂရုစိုက်ရ ပါလိမ့်မယ်။ Setting စနစ်တွေကို စိတ်ကြိုက် Layout မြင်ကွင်း ပုံစံတွေ ပြောင်းလဲအသုံးပြု နိုင်ခြင်းဟာလည်း အသုံးပြုသူ အတွက်က မရိုးနိုင်တဲ့ အမြင်တွေကို ပေးနိုင်မှာပါ။ ကျန်းမာရေး ထောက်ကူပြု App တွေနဲ့ Samsung ရဲ့ဝန်ဆောင်မှု App တွေကိုလည်း ကောင်းကောင်း အသုံးပြုနိုင်တာ တွေ့ရပါတယ်
Internet Journal
ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)

No comments:

Post a Comment